အတားအဆီးအထပ်ထပ်ချမှတ်ထားတဲ့ ပြေးပွဲပြိုင်ပွဲတစ်ခုကို မြင်ယောင်ကြည့်ပါ။ စမှတ်ကနေ ပန်းတိုင်ကိုရောက်ဖို့အတွက် ကြားထဲမှာ ကျော်ဖြတ်ရမယ့် အတားအဆီးတွေ သတ်မှတ်ထားတယ်။ ကျော်တက်ရမယ့် တံတိုင်းတွေရှိမယ်၊ လှုပ်ယိုင်နေတဲ့ကြိုးတံတားတွေရှိမယ်၊ ကူးဖြတ်ရမယ့် ရေအိုင်တွေရှိတယ် စသဖြင့် အတားအဆီး ဆယ်ဆင့်ရှိတယ် ဆိုပါစို့။
အတားအဆီးတစ်ခုဟာ အဲ့ဒီအဆင့်ကိုရောက်လာတဲ့ ပြိုင်ပွဲဝင်သူ ထက်ဝက်ကို ရှေ့မဆက်နိုင်အောင် တားဆီးထားနိုင်တယ်လို့ ယူဆထားမယ်။ ပြိုင်ပွဲဝင်သူ (၁၂) ယောက်ရှိတယ်ဆိုရင် (၆) ယောက်လောက်က ပထမအတားအဆီးဖြစ်တဲ့ တံတိုင်းကိုမကျော်နိုင်လို့ ကျန်ခဲ့လိမ့်မယ်။ ကျော်ဖြတ်သွားနိုင်တဲ့ (၆) ယောက်မှာလဲ နောက်တစ်ဆင့်ဖြစ်တဲ့ ကြိုးတံတားကိုဖြတ်တဲ့အခါ (၃) ယောက်လောက် ပြုတ်ကျ ကျန်ခဲ့မယ်။ စသဖြင့်ပေါ့။ အဲ့ဒီ အတားအဆီး ဆယ်ခုလုံးကို ကျော်ဖြတ်နိုင်ဖို့ မလွယ်ဘူး။
အချက်အလက်အရ တွက်ကြည့်မယ်ဆိုရင် ပြိုင်ပွဲဝင်သူတစ်ယောက် အတားအဆီး (၁၀) ဆင့်လုံးကို ကျော်ဖြတ်နိုင်ဖို့အတွက် ပြိုင်ပွဲဝင်သူအရေအတွက် (၂ ^ ၁၀) လိုမယ်။ စုစုပေါင်း (၁၀၂၄) ယောက်ပေါ့။
Software Company တစ်ခုအတွက် အရည်အချင်းရှိတဲ့ Programmer တွေ ရှာဖွေခန့်ထားနိုင်ဖို့ဆိုတာလဲ (အဲ့ဒီလိုပဲ) အတားအဆီးတွေက အထပ်ထပ် ရှိနေပါတယ်။
Programmer အများစုက နိုင်ငံခြားထွက်ချင်ကြတယ်။ ကျန်နေသူတွေထဲက တစ်ချို့က ခင်ဗျားရဲ့ ကုမ္ပဏီကို မသိကြဘူး။ တစ်ချို့က ခင်ဗျားကုမ္ပဏီက လူတွေခန့်ဖို့ ခေါ်နေတယ်ဆိုတာကို မသိကြဘူး။ တစ်ချို့ကလဲ နယ်မြို့တွေက ဖြစ်နေလို့ ရန်ကုန်မှာ နေရေးစားရေးခက်တဲ့အတွက် ခင်ဗျားကုမ္ပဏီမှာ လာလုပ်ဖို့ ခက်နေတယ်။ တစ်ချို့ကလဲ အရည်အချင်းရှိရက်နဲ့ အင်တာဗျူးမဖြေတက်ကြဘူး (တစ်ချို့ကတော့ အရည်အချင်းမရှိပေမယ့် အင်တာဗျူးတော့ ကောင်းကောင်းဖြေတက်တယ်)။ တစ်ချို့ကျတော့လည်း ခက်ခဲကျပ်တည်းတဲ့ စိန်ခေါ်မှုတွေကို ရင်မဆိုင်လိုဘူး။ ကမ္ဘာကြီးကို ပြောင်းလဲသွားစေမယ့် Software တွေ ရေးမနေရလို့ သူတို့အတွက် ပြဿနာမရှိဘူး။ ကမ္ဘာကြီးကို ပြောင်းလဲပြစ်ဖို့လဲ စိတ်မဝင်စားဘူး။ ခပ်အေးအေးပဲ နေချင်တယ်ဆိုတဲ့သူတွေကလဲ ရှိတယ်။ စသဖြင့် အတားအဆီးတွေက အများကြီး ရှိနေပါတယ်။
ခပ်ရိုးရိုးတွက်ကြည့်ရရင် အရည်အချင်းရှိတဲ့ Programmer (၁) ယောက် ခန့်ထားနိုင်ဖို့အတွက် Programmer (၁၀၀၀) ရှိနေဖို့လိုတယ်ဆိုတဲ့ သဘောဖြစ်နေတာပေါ့။ သိပ်များတယ်ထင်ရင် လျှော့လျှော့ပေါ့ပေါ့ တွက်လိုက်ဦး။ အရည်အချင်းရှိတဲ့ Programmer (၁) ယောက် ခန့်ထားနိုင်ဖို့ Programmer (၁၀၀) ရှိနေဖို့လိုပါတယ်။
ဥပမာ - လက်ရှိ လူ (၁၀) ယောက်နဲ့ Outsource လုပ်ငန်းတစ်ခု လုပ်နေတယ်ဆိုပါစို့။ နာမည်လေးရလာတဲ့အခါ အလုပ်အပ်တဲ့သူတွေကလဲ အလုပ်ပိုပေးချင်တယ်။ ဒါဆိုရင် (၁၀) ယောက်နဲ့ မရတော့ဘူး။ အယောက် (၁၀၀) လိုတယ်။ အရည်အချင်းရှိတဲ့ Programmer အယောက် (၁၀၀) ရဖို့ဆိုတာ အပြင်မှာ Programmer အယောက် (၁၀၀၀၀) ရှိနေဖို့လိုပါတယ်။ (၁၀၀၀၀) ထဲမှာ တစ်ကယ်လုပ်နိုင်တဲ့သူက (၁၀၀၀-၂၀၀၀) လောက်ပဲရှိမှာပါ။ အဲ့ဒီထဲက ထက်ဝက်ကျော်က နိုင်ငံခြားထွက်ဦးမယ်၊ ပြီးတော့ အခြားအတားအဆီးအထပ်ထပ်ကို ကျော်ဖြတ်ရဦးမယ်ဆိုရင် ကိုယ့်အတွက် (၁၀၀) လောက်ပဲ ရနိုင်မှာပါ။
ကျွန် တော်တို့နိုင်ငံမှာ တစ်ကယ်ရော Programmer လို့ ခေါ်နိုင်တဲ့သူ အရေအတွက် (၁၀၀၀၀) ရှိရဲ့လား?
ဒါတောင်မှ လူ (၁၀၀) ပဲလိုချင်သေးတာ။ တစ်ကယ့် National အဆင့် (အိန္ဒိယလို) Outsource လုပ်တော့မယ်ဆိုရင် လူ (၁၀၀၀) လဲလိုနိုင်တယ်၊ (၁၀၀၀၀) လဲ လိုနိုင်တယ်။ တစ်ကယ်လုပ်နိုင်တဲ့ Programmer (၁၀၀၀၀) ရဖို့ ကျွန်တော်တို့နိုင်ငံမှာ Programmer (၁၀) သိန်း ရှိနေမှ ဖြစ်မှာပါ။ လက်ရှိအခြေအနေအရ၊ မဖြစ်နိုင်တဲ့ အရေအတွက်တစ်ခုပါပဲ။
ဒါဟာ အခုနောက်ပိုင်း Outsource လုပ်ငန်းကို တစ်ဖြည်းဖြည်း စိတ်ကုန်လာရခြင်း အကြောင်းရင်းပါပဲ။ လက်ရှိမှာ အတိုင်းအတာတစ်ခုထိ အလုပ်ဖြစ်နေပေမယ့် ထပ်မံတိုးချဲ့ဖို့ဆိုတာ တစ်ကယ့်ကို မလွယ်တဲ့ အနေအထားပါ။ Outsource လုပ်ငန်းတစ်ခု လုပ်ငန်းတိုးချဲ့တယ်ဆိုတာ လူအရေအတွက် တိုးချဲ့တာပါပဲ။
မိတ်ဆွေတို့ရဲ့ အမြင်နဲ့ အကြံပြုချက်တွေကိုလဲ သိချင်ပါသေးတယ်။
ref: Smart and Gets Things Done by Joel Spolsky
Comment
Comment by Lin Thein Naing on March 5, 2011 at 4:23pm
Comment by Lin Thein Naing on March 5, 2011 at 4:22pm ကျွန်တော့် အမြင်လေးကို နည်းနည်း ဖြည့်စွက်ပါရစေ။ တကယ်တော့ ကျွန်တော့်အနေနဲ့ သိပ်ပြီး သိနေ တတ်နေလို့ ဝင်ဆွေးနွေးတာ မဟုတ်ပါဘူး ဆိုတာ စကားခံထားပါရစေ။ပရိုဂရမ်မာတွေကို လိုအပ်နေတဲ့ သူတစ်ယောက်အနေနဲ့ ဝင်ရောက်ဆွေးနွေးတာပါ။
ကျွန်တော့် ယူဆချက်အရ ပရိုဂရမ်မာဆိုတာ ကွန်ပျူတာ ပရိုဂရမ်းမင်း ဘာသာရပ်တွေကို နားလည်နေရုံနဲ့ အပြည်ပြည်ဆိုင်ရာ ပရို အဆင့်ကို ရောက်ဖို့ မလွယ်ဘူးလို့ ထင်ပါတယ်။ သင်္ချာနဲ့ ဆိုင်တဲ့ background ကောင်းကောင်းလိုအပ်သလို သက်ဆိုင်ရာ လုပ်ငန်းနဲ့ ပက်သက်တဲ့ ကျွမ်းကျင်မှု အဆင့်မြင့်မြင့်လိုအပ်ပါတယ်။ ဥပမာ ဘဏ်လုပ်ငန်းအကြောင်း သေသေချာချာ အတွင်းကျကျမသိဘဲ ဘဏ် လုပ်ငန်းသုံး ဆော့ဖ်ဝဲတွေ ရေးဖို့ မဖြစ်နိုင်သလိုပါပဲ။ ဒါကြောင့် တကယ်တမ်း ဘက်စုံ စွယ်စုံရတဲ့ ပရိုဂရမ်မာတွေ ဖြစ်လာဖို့ဆိုတာ မလွယ်လှပါဘူး။အချို့ လုပ်ငန်းလိုအပ်ချက်တွေမှာ hard ware ကို ထိန်းချုပ်ဖို့ လိုအပ်ချက်တွေပါ ရှိနေတတ်ပါတယ်။ မြန်မာပြည်မှာ embedded programming ကိုပါ လုပ်နိုင်တဲ့သူ အတော် နည်းနေသေးတယ်လို့ ထင်ပါတယ် ခင်ဗျာ။
နောက်တစ်ခုက လေ့ကျင့်ပေးနေတဲ့ သင်တန်းတွေ ကျောင်းတွေနဲ့ ဆိုင်ပါတယ်။ သင်္ချာ သင်မပေးတဲ့ သင်တန်းတစ်ခုက အဆင့်မြင့် အိုင်တီသမားတွေ မွေးထုတ်ပေးနေပါတယ်ဆိုရင် ဒါဟာ လိမ်ညာနေတာလို့ပဲ ယူဆချင်ပါတယ်။ ဝ မရှိပဲ နဲ့ ဝိလုပ်လို့ မရပါဘူး။
ပရိုဂရမ်မာတွေအနေနဲ့ နိုင်ငံတကာ ဈေးကွက်ကို ကျယ်ကျယ်ပြန့်ပြန့် ဝင်ချင်တယ်ဆိုရင် အကြောင်းအရာ တစ်ခုခုကိုပဲ သတ်သတ်မှတ်မှတ် အာရုံစိုက်သင့်တယ်လို့ ကျွန်တော်ထင်ပါတယ်။
ကျွန်တော့် အနေနဲ့ဆိုရင် အင်ဂျင်နီယာ တွက်ချက်နည်းတွေကို ဆော့ဖ်ဝဲ တွေ ဖန်တီးပြီး ဈေးကွက်တင်ချင်တဲ့ စိတ်ကူးရှိပါတယ်။ ဒါပေမယ့် အပြင်က ပရိုဂရမ်မာကို အဲဒီ theory တွေ ပြန်ရှင်းပြနေရတာ ထက် ကိုယ်တိုင် ပရိုဂရမ်းမင်း လေ့လာပြီး ရေးရတာ ပိုလွယ်မလားလို့တောင် စဉ်းစားနေရပါတယ်။ ဒါကတော့ ကျွန်တော့် ယူဆချက်ပါ။
အဲဒီ အချက်တွေကြောင့် တကယ် တမ်းပိုင်နိုင်တဲ့ ပရိုဂရမ်မာတွေ ရှားတယ်ဆိုတာ ထောက်ခံပါတယ်။
Comment by Min Lwin on March 4, 2011 at 9:41pm ကျွှန်တော့်အမြင်က ဈေးကွက်လို့ထင်တယ်ဗျ။ အရင်က ဆိုလျှင် Software Application တွေရဲ့ဈေးကွက်ဟာ လုပ်ငန်းကြီးတွေပေါ်မှာနဲ့၊ မီဒီယာထုတ်လုပ်မှု့တွေ ဘက်မှာပဲရှိကြတာများတယ်။ အဲ့ဒါကြောင့်ကမ္ဘာပေါ်မှာဆိုရင် အိုင်တီသမားတွေဟာလခကောင်းခဲ့ကြတယ်။ ဒါပေမယ့် မြန်မာပြည်မှာက အစိုးရလုပ်ငန်းတွေကအစ၊ ပုဂ္ဂလိကလုပ်ငန်းတွေမှာအဆုံး အိုင်တီရဲ့အခန်းက အလွန်နည်းပါသေးတယ်။ အဲ့ဒီအတွက် အိုင်တီသမားတွေရဲ့ အခန်းဟာ အလွန်နည်းပါတယ်။
ဒါတွေကအရင်တုန်းကကိစ္စတွေပါ။ အခုဆိုလျှင် အိုင်တီကိုသုံးလာတဲ့ နေရာတွေများလာပါပြီ။ လုပ်ငန်းကြီးတွေတင်မက တစ်နိုင်ဆိုင်တွေတောင် EComas ကို စနေကြပါပြီ။ အင်တာနက်အရောင်းဈေးကွက်ဟာ မသေးပါဘူး။ မြန်မြန်နဲ့ဈေးပေါပေါ ပြီးမယ့် ပရိုဂျက်တွေဟာလည်း ယနေ့ခေတ်ရဲ့ လိုအပ်ချက်ဖြစ်လာပါတယ်။ PHP သမားတွေခေတ်စားလာတာ ဒါကြောင့်ဖြစ်လာပါတယ်။
ကျွှန်တော့်အမြင်ပြောရရင်တော့ ပရိုဂရမ်မာပေါများခြင်း မပေါများခြင်းဟာ ဈေးကွက်အပေါ်မှာမူတည်မယ် လို့ထင်ပါတယ်။ အိုင်တီရဲ့ဈေးကွက်ဟာ အရင်ကထက်စာလျှင် ပိုကျယ်ပြန့်လာတဲ့အတွက် ပရိုဂရမ်မာတွေလည်းများလာလိမ့်မယ်လို့ ထင်ပါတယ်။
Comment by U Tin Nyunt on March 4, 2011 at 6:16pm ကိုအိမောင်ရေ
ကျွန်တော် ပရိုဂရမ်မာ ၁၀၀ အကြောင်း မပြောချင်ပါဘူး။ သိတဲ့ ပရိုဂရမ်မာတစ်ယောက်အကြောင်းပဲပြောချင်တယ်။ ကုမ္ပဏီတစ်ခုကနေ အလုပ်ခေါ်တယ်။ ပရိုဂရမ်မာရာထူးပေါ့ဗျာ။ လူ ၃၀ လောက်ထဲကမှ သူ့ကို ရွေးခန့်လိုက်တယ်။ လက်တွေ့ ဘာတွေလုပ်ခိုင်းပြီး ကြိုက်လို့ ခန့်လိုက်တာလဲလို့ မေးကြည့်တော့လည်း သိဘူးလေတဲ့။ ဒါပေမယ့် ဒီကောင့်အကြောင်း ကျွန်တော်ကောင်းကောင်းသိတယ်။ ဒီကောင်က အရမ်းသဘောကောင်းတဲ့ကောင်ကြီး။
ကုမ္ပဏီမှာ ဝင်ဝင်ချင်း တစ်သိန်းပေးမယ်၊ သုံးလနေလို့ကြိုက်ရင် နောက် တစ်သိန်းထပ်တိုးပေးမယ်။ မကြိုက်ရင် အလုပ်ဖြုတ်မယ်ဆိုတဲ့ စကားနဲ့ (အလုပ်ကလည်းမရှိတော့) ဝင်လုပ်လိုက်ရတယ်။
နောက် သုံးလလောက်နေတော့ သူနဲ့တွေ့တယ်။ မင်းသူဌေး မင်းကိုကြိုက်ရဲ့လားဆိုတော့ ကြိုက်တယ် အဆင်ပြေတယ်။ ခုဆိုရင် လစာ သုံးသိန်း လောက်တောင်ရနေပြီတဲ့။
မင်းဘာ ပရိုဂရမ်တွေရေးနေရသလဲလို့ မေးကြည့်လိုက်တော့၊ သူဌေးငွေစာရင်းတွေ Excel ထဲသွင်းပေးရတယ်၊ ဖုန်းလာရင် နားထောင်ပေးရတယ်။ နိုင်ငံခြားသားတွေနဲ့ကြုံရင် အင်္ဂလိပ်လိုပြောပေးရတယ်၊ ကလေးကျောင်းသွားကြိုပေးရတယ်၊ သူဌေး သွားချင်တဲ့ နေရာကို ကားမောင်းပြီးလိုက်ပို့ပေးရတယ်၊ တစ်ခါတစ်လေ သူဌေး ညကလပ်တက်ရင် မိုးလင်းခါနီးအထိ စောင့်ပေးရတယ်တဲ့။
ပြဿနာက ဒီမှာစတာ။ သူ့သူဌေးက သူ့တစ်ယောက်တည်းနဲ့ စာရင်းကိုင်၊ အတွင်းရေးမှူး၊ ဘာသာပြန်၊ ကားမောင်းရာထူးလေးနေရာ အတွက် သူ့တစ်ယောက်တည်းကို ခန့်လိုက်တာပါလားဆိုတာ သူမပြောပေမယ့် ကျွန်တော်ကတော့ သဘောပေါက်နေတယ်။
အိုင်တီလောကမှာ ငါပရိုဂရမ်မာဆိုပြီး လက်မထောင်မနေနိုင်တာတွေရှိနေပါလား (မြန်မာပြည်မှာပြောတာ) ဆိုတာတွေ့လိုက်ရလို့ အတော်လေး စိတ်မကောင်းဖြစ်သွားရတယ်။
ကြုံလို့ပြောတာပါ။ ကျွန်တော့်ဆွေးနွေးချက်က ကိုအိမောင်လိုချင်တဲ့အဖြေ ဖြစ်မလား၊ မဖြစ်ဘူးလားတော့ မသိဘူး။
လူ့စွမ်းအားရင်းမြစ်က လေးယောက်စာကို တစ်ယောက်တည်းလုပ်နေရတာနဲ့ အချိုးချလိုက်ရင် အဖြေဘယ်လိုထွက်လာမလဲ။
ပရိုဂရမ်မာတွေ ဖောင်းပွစရာ လို-မလို။
Comment by Ko-AKM on March 4, 2011 at 3:55pm
Phyu Sin Kyaw replied to Aung Than U's discussion Search Engine မှာရှာရင် ကျွှန်တော်တို့ ကုမ္မဏီရဲ့ ၀က်ဆိုဒ်ကို အပေါ်ဆုံးမှာ မြင်ချင်လို့ပါ... Asp.net နဲ့ ရေးထားတဲ့ ဆိုဒ်ပါ..သိရင် ပြောပြပေးကြပါ senior များခင်ဗျာ.....
D0743M0N replied to D0743M0N's discussion What is the best way to decide limitation of broadcast level in the group Networking
DaKyat replied to D0743M0N's discussion What is the best way to decide limitation of broadcast level in the group Networking
D0743M0N replied to D0743M0N's discussion What is the best way to decide limitation of broadcast level in the group Networking© 2012 Created by Ko Chit.

You need to be a member of MyanmarITPro - A Social Network for Myanmar IT Professionals to add comments!
Join MyanmarITPro - A Social Network for Myanmar IT Professionals